International News

ကျဆင်းမှုလမ်းကြောင်းဆီသို့ဦးတည်နေသော ကိုရီးယားသမ္မတနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေနှင့် တောင်ကိုရီးယားအစိုးရ၏ စီးပွားရေးရာကုစားမှု အစီအမံများအပေါ် စီးပွားရေးပညာရှင်များ၏ဝေဖန်သုံးသပ်မှုများကိုတင်ပြခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါCOVID-19 ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်တို့ကျဆင်းခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ပထမ သုံးလပတ်အတွင်း နိုင်ငံ၏စီးပွားရေးသည် (၁.၄) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယားဗဟိုဘဏ် Bank of Korea ၏၂၃-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။ ထိုကဲ့သို့ ကျဆင်းမှုသည် ၂၀၀၈ ခုနှစ်၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကာလတွင် ယင်းနှစ်၏ စတုတ္ထသုံးလပတ်ကာလ၌ (၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီးသည့်နောက်၊ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အကြီးမားဆုံး စီးပွားရေးကျဆင်းမှုလည်းဖြစ်ကြောင်း၊ အာရှဒေသ၏ စတုတ္ထမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တောင်ကိုရီးယား၏ စီးပွားရေးအခြေအနေသည် ဒုတိယသုံးလပတ်ကာလတွင် ပိုမိုကျဆင်းရန် အလားအလာများစွာရှိနေ ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပုံမှန်အားဖြင့် သုံးလပတ်ကာလတာ (၂)ခု ဆက်တိုက် GDP ကျဆင်းပါက စီးပွားရေးကျဆင်းပြီဟု သတ်မှတ် နိုင်ကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်လျက်ရှိပါသည်။

ပြည်တွင်းအိမ်ထောင်စုများ၏ သုံးစွဲနိုင်မှုသည် ပထမသုံးလပတ်ကာလအတွင်း (၆.၄)ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး၊ ၁၉၉၇-၁၉၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်း နှင့် ရင်ဆိုင်ခဲ့ရစဉ်က ၁၉၉၈ ခုနှစ်တွင် (၁၃.၈) ရာခိုင်နှုန်းကျဆင်းခဲ့သည့်နောက်ပိုင်း (၂၂) နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော ကျဆင်းမှုဖြစ်ကြောင်း၊ လက်ရှိ ကာလတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ပြည်သူများသည်အပြင်မထွက်ရဘဲ အိမ်တွင်း၌သာနေထိုင်ကြရသဖြင့် အစားအသောက်၊ တည်းခိုနေထိုင်မှု၊ ဖျော်ဖြေရေး စသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် သုံးစွဲနိုင်မှုလျော့ကျလျက်ရှိကြောင်း၊ ပို့ကုန်သည် ၂၀၁၉ ခုနှစ်၊ စတုတ္ထသုံးလပတ်ကာလအောက် (၂) ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့် ဓာတုဗေဒပစ္စည်းများ တင်ပို့နိုင်မှု လျော့ကျခဲ့ပြီး၊ Semiconductor ကဏ္ဍက အဆိုပါလျော့ကျသည့်ပမာဏကို   ဖေးမကာမိခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် (၂) ရာခိုင်နှုန်း  ကျဆင်းခဲ့ကြောင်း၊ ယင်းသည် ၁၉၉၈ ခုနှစ်တွင် (၆.၂) ရာခိုင်နှုန်း ကျဆင်းခဲ့သည့်နောက်  အကြီးမားဆုံးဖြစ်ကြောင်း သိရှိရပါသည်။

 Coronavirus သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ ပျံ့နှံ့လျက်ရှိသည့် အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်တွင် စီးပွားရေးအခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရာရှိခြင်းသည် အဓိကအရေးကြီးသည့်အချက်ဖြစ်ပြီး၊ နိုင်ငံ၏စီးပွားရေးနှင့် အလုပ်အကိုင်ကဏ္ဍများကို ထိခိုက်လာမည်ဖြစ်ကြောင်း၊ တောင် ကိုရီးယားအစိုးရမှလည်း ယင်းအခြေအနေများကို ကြိုတင်တွက်ဆထားပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး Hong Nam-Ki ၏ ထုတ်ဖော်ပြောကြားမှုအရ သိရှိရပါသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းပညာရှင်များအနေဖြင့် ဗိုင်းရပ်ကြောင့် စီးပွားရေးကဏ္ဍအပေါ် ထိခိုက်မှုများအတွက် ရေတိုကုစားမှု အစီအမံ များအပေါ်တွင် အဆိုးမြင်လျက်ရှိကြောင်း သိရှိရပြီး၊ ပြည်တွင်းစားသုံးမှု လွန်စွာကျဆင်းလျက်ရှိခြင်းက စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကို များစွာလျော့ကျ စေကြောင်း၊ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် အနုတ်မပြဘဲ သုညရာခိုင်နှုန်းတွင် ရပ်တည်နေနိုင်လျှင်ပင် ကျေနပ်ရမည့်အနေအထားဖြစ်ကြောင်း ယွန်ဆေးတက္ကသိုလ်မှ စီးပွားရေးပညာရှင် Sung Tae-yoon က ပြောကြားခဲ့ပါသည်။

လက်ရှိစီးပွားရေးပြဿနာများကို ဖြေရှင်းရာတွင် ရှင်းလင်းပြတ်သားသည့် အောင်မြင်မှုများ မရရှိနိုင်သောကြောင့် ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးကျဆင်းရန် အလားအလာများစွာရှိနေကြောင်း၊ အစိုးရမှစီးပွားရေးဆိုင်ရာကုစားမှုများအတွက် ရန်ပုံငွေများပိုမိုခွင့်ပြုချထားပေးနိုင်လျှင် နိုင်ငံ၏ GDP ကျဆင်းမှုကိုကုစားရန် အထောက်အပံ့ဖြစ်နိုင်သော်လည်း ယင်းသည် စီးပွားရေးတည်ငြိမ်ပြီး မူလလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်သေးကြောင်း၊ အဓိက အကြောင်း ရင်းမှာ ကမ္ဘာ့ကပ်ရောဂါ Coronavirus မှအစပြုသည့် ပြည်တွင်း/ ပြည်ပ သက်ရောက်မှုများ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုဒဏ်ကို ကြီးစွာခံစားနေရခြင်း ကြောင့်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ပြည်ပစီးပွားရေးဆက်သွယ်မှုဆိုင်ရာများ ကျဆင်းမှုအနေအထားနှင့် ပြည်သူများ၏ ကမ္ဘာ့ ကပ်ရောဂါကို တန်ပြန်ရင်ဆိုင်နိုင်မှု အခြေအနေတို့သည် မည်မျှရှိမည်ကို ဒုတိယသုံးလပတ် GDP တိုးတက်မှုနှုန်းတွင်  ထင်ဟပ်တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးရာကုစားမှုအစီအမံများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်နိုင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပို၍နီးကပ်စွာဆောင်ရွက်ရန် အစိုးရသို့ တိုက်တွန်းအကြံပြုလိုပါကြောင်း  Korea Capital Market Institute ၏ စီးပွားရေးပညာရှင် Noh San-ha က ပြောကြားခဲ့ပါသည်။

လေကြောင်းပို့ဆောင်ရေးကဏ္ဍအပါအဝင် ဗိုင်းရပ်စ်ကြောင့် ထိခိုက်ရသည့် ကဏ္ဍများသို့ ဗဟိုဘဏ်မှ ဘဏ္ဍာရေးဆိုင်ရာငွေပေါ်လွယ်မှု ကုစားမှုအစီအမံများ ခွင့်ပြုခဲ့ သော်လည်း ကုမ္ပဏီများ၊ စီးပွားရေးကဏ္ဍများအနေဖြင့် ဥပဒေရေးရာ အခြားအခက်အခဲများ ရှိနေပါသေးကြောင်း၊ အစိုးရအနေဖြင့် ကုစားမှုအစီအမံများကို ခွင့်ပြုပြီး သည်နှင့် သက်ဆိုင်သူတို့၏ လက်ဝယ်အကျိုးခံစားခွင့်ရရှိရေး လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်လျှင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်လျက်ရှိမှုကို သိရှိရ ပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 ကြောင့်ထိခိုက်ရသည့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးရာကုစားမှုအစီအမံများကို သမ္မတကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အပတ်စဉ်စီးပွားရေးဆိုင်ရာကော်မတီအစည်း အဝေးများကျင်းပလျက် ညှိနှိုင်းဆွေးနွေးကာ COVID-19 ဆိုင်ရာ စီးပွားရေး/ဘဏ္ဍာရေးရာကုစားမှု အရေးပေါ်ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုခြင်းများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပြီး အဓိကထိခိုက်သည့် စီးပွားရေးလုပ်ငန်းရပ်များနှင့် ပြည်သူများအား ဦးစီးပေး၍ ကဏ္ဍစုံ၌ ဘဏ္ဍာရေးအထောက်အပံ့၊ အခွန်လျှော့ပေါ့ပေးမှု၊ ကာလရွှေ့ဆိုင်းပေးမှု၊ ငွေပေါ်လွယ်စေမည့် sx အစီအမံများ၊ ဘဏ္ဍာရေး ဆိုင်ရာအကူအညီများကို အရေးပေါ်ရန်ပုံငွေများ၊ ဖြည့်စွက်ရန်ပုံငွေများမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ လတ်တလောတွင် ၂၂−၄−၂၀၂၀ ရက်နေ့၌ အဓိကထိခိုက်သော စီးပွားရေးကဏ္ဍများအတွက် ကိုရီးယားဝမ် (၄၀) ထရီလီယံ (အမေရိကန်ဒေါ်လာ  ၃၂.၄ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေး ကုစားမှုအစီအမံနှင့် အလုပ်အကိုင်အခွင့်အလမ်း ကာကွယ်ထိန်းသိမ်းရေးအတွက် (၁၀) ထရီလီယံဝမ်တို့ကို ထပ်မံခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: International News